မြန်မာနိုင်ငံ – လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ရန် အရေးကြီးကြောင်း ငလျင်က ဖော်ပြနေသည်။

မြန်မာနိုင်ငံ – လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ရန် အရေးကြီးကြောင်း ငလျင်က ဖော်ပြနေသည်။ - Protection

Near the earthquake's epicentre, Sagaing, Myanmar, 31 March 2025. Photo: Reuters/Stringer

မြန်မာနိုင်ငံသည် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သော ပြင်းအား ၇.၇ ရှိသည့် ကြီးမားလှသောငလျင်ဒဏ်ကို ခံစားနေရလျက်ရှိပြီး ယခုအခါ သေကျေပျက်စီးမှုများ ဖြစ်ပေါ်စေနိုင်သော နောက်ဆက်တွဲငလျင်ငယ်များနှင့်လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက် ရှိသည့်အရေးပေါ် အခြေအနေများ ဆက်လက်တိုးပွားလျက်ရှိသည်။  ထို့အပြင် လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခနှင့်စစ်အာဏာရှင်မှ အင်တာနက်နှင့် လွတ်လပ်သောသတင်းတင်ဆက်မှုများကို ကန့်သတ်မှုများပြုလုပ်ထားသည့်အတွက် သတင်းအချက်အလက်များ ပိတ်ဆို့ခံနေရခြင်းတို့ကြောင့်  ဤဘေးအန္တရာယ်၏ ပြင်းထန်မှုသည် ပိုမိုဆိုးရွားလျက်ရှိသည်။ ARTICLE19သည် ဤကဲ့သို့သော ဘက်ပေါင်းစုံမှအရေးပေါ်အခြေအနေများ နှင့် ရင်ဆိုင်လျက်ရှိသောမြန်မာနိုင်ငံအတွက် အရေးပေါ်အခြေအနေဆိုင်ရာသတင်းအချက်အလက်များ ကိုရရှိရန် အကောင်းဆုံးထောက်ပံ့နိုင်သည့် လွတ်လပ်သောမီဒီယာနှင့် နိုင်ငံတွင်းကူညီဆောင်ရွက်လျက်ရှိသောသူများကို ပံ့ပိုးကူညီနိုင်ရန် အတွက် နိုင်ငံတွင်းရှိ အင်တာနက်ပိတ်ဆို့မှုနှင့် သတင်းအချက်အလက် ကန့်သတ်မှုများကို ရုပ်သိမ်းရန်၊ အရေးပေါ်ဆက်သွယ်ရေးကိရိယာများ တပ်ဆင်ခြင်းကို ခွင့်ပြုရန် အတွက် နိုင်ငံတကာသိုင်းအဝိုင်းများက စစ်အာဏာရှင် အပေါ်  နိုင်ငံတကာဖိအားများသက်ရောက်စေသည့် ဆောင်ရွက်မှုများ  ပြုလုပ်ရန် တိုက်တွန်းပါသည်။ အရေးပေါ်အခြေအနေများတွင် သတင်းအချက်အလက်များကို လွတ်လပ်စွာ ရရှိခြင်းသည် ကယ်ဆယ်ရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် လူ့အသက်များကို ကာကွယ်ခြင်းအတွက် အရေးကြီးသည့်လုပ်ငန်းစဥ်တခုဖြစ်သည်။ လွတ်လပ်စွာသတင်းအချက်အလက် ရယူပိုင်ခွင့်ကို ပြန်လည်ရရှိရေးသည် လူသားချင်းစာနာမှုအကူအညီနှင့်အတူ ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စတစ်ခုဖြစ်သည်။ ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သေဆုံးသူအရေအတွက်သည် ၂၈၈၆ ဦးကျော်သွားပြီဖြစ်ကာ နောက်ထပ် ထပ်မံတိုးပွားလာနိုင်ပြီး ထောင်နှင့်ချီသော ဒဏ်ရာရရှိသူများနှင့် မရေမတွက်နိုင်သော လူများသည် အပျက်အစီးများအောက်တွင် ပိတ်မိနေဆဲဖြစ်သည်။ စစ်ကိုင်း၊ မန္တလေးနှင့် နေပြည်တော်ရှိ ကျေးရွာများစွာလည်း ပျက်စီးခဲ့ရသည်။

ရာသီဥတုဘေးအန္တရာယ်သည် အရှေ့တောင်အာရှတစ်ဝှမ်းရှိ သဘာဝဘေးအန္တရာယ်များကို ပိုမိုပြင်းထန်စေပြီး ပဋိပက္ခနှင့်အာဏာရှင်စနစ်တို့ကြောင့် စုတ်ပြတ်နေသော နိုင်ငံများတွင် အဆိုးရွားဆုံးထိခိုက်လေ့ရှိသည်။ မြန်မာနိုင်ငံတွင် ငလျင်ကြောင့်ပျက်စီးဆုံးရှုံးမှုသည် စစ်အာဏာရှင်၏ ဖိနှိပ်မှုများဖြစ်သော သတင်းအချက်အလက်များကို ပိတ်ဆို့ခြင်း၊ အင်တာနက်အသုံးပြုမှုကို ကန့်သတ်ခြင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို ဟန့်တားခြင်းတို့ကြောင့် ပိုမိုဆိုးရွားလာခဲ့သည်။

အင်တာနက်နှင့်လူမှုမီဒီယာများကို ကန့်သတ်ခြင်းနှင့် ဗီပီအန် များကို ပိတ်ဆို့ခြင်းတို့သည် ဘေးသင့်ဒေသများ၏ သတင်းအချက်အလက်များကို မရရှိနိုင်ဘဲ ထိုဒေသများ၏ ပျက်စီးဆုံးရှုံးထိခိုက်မှုများ၏ အခြေအနေကို သိရှိနိုင်ခြင်းမရှိစေပါ။ စစ်အာဏာရှင်၏ လွတ်လပ်သောသတင်းစာနယ်ဇင်းလုပ်ငန်းများကို ဆက်လက်ဖိနှိပ်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာမီဒီယာများကို ဘေးသင့်ဒေသများသို့ ဝင်ရောက်ခွင့်မပြုခြင်းတို့သည် တိကျသောသတင်းတင်ဆက်မှုများနှင့် လွတ်လပ်သောစိစစ်မှုများကို ရရှိနိုင်စေခြင်းမရှိပါ။

သတင်းအချက်အလက်ပိတ်ဆို့မှုသည် ရှင်သန်ကျန်ရစ်သူများအတွက် လိုအပ်ချက်များကို မသိရှိနိုင်ရုံသာမက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ ဘေးအန္တရာယ်တုံ့ပြန်မှုလုပ်ငန်းများအတွက် ညံ့ဖျင်းစွာစီမံခန့်ခွဲနေမှုများကို ဖုံးကွယ်ထားစေပြီး ဘေးသင့်ဒေသရှိ လူထု၏ သတင်းအချက်အလက်ရရှိမှု အခွင့်အရေးကို ချိုးဖောက်ကာ လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်မှုများကို အားနည်းစေသည်။ ထို့အပြင် လမ်းများ၊ ဆေးရုံများ၊ ဆက်သွယ်ရေးမျှော်စင်များနှင့် လျှပ်စစ်ဓာတ်အားလိုင်းများအပါအဝင် အခြေခံ အဆောက်အအုံများ ပျက်စီးခြင်းသည် ဒီဂျစ်တယ်ကွန်ရက်များ အသုံးပြုမှုကန့်သတ်ခံနေရခြင်းတို့နှင့် ပေါင်းစပ်မိပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ပြင်းထန်စွာ အဟန့်အတားဖြစ်စေသည်။ မြို့တမြို့လုံး အမှိုက်ပုံအဖြစ်သို့ ရောက်ရှိပြီး ရှင်သန်ကျန်ရစ်သူများသည် လက်ချည်းသက်သက်ဖြင့် အပျက်အစီးများကို တူးဖော်နေရသည့်အချိန်တွင် အကူအညီများ မရရှိခြင်းသည် ကာကွယ်နိုင်သည့် သေဆုံးမှုများကို တိုးပွားစေလာသည်။ ဒေသအများစုတွင် လူသားချင်းစာနာမှုဆောင်ရွက်သူများသည် လိုအပ်ချက်များကို စိစစ်ခြင်း သို့မဟုတ် အကူအညီများ ပေးပို့ခြင်းများ မပြုလုပ်နိုင်ကြခြင်းမှာ စစ်တပ်၏ဖိနှိပ်မှု သို့မဟုတ် ဒီဂျစ်တယ် အသုံးပြုခွင့်များ ပိတ်ဆို့ခံနေရမှု သို့မဟုတ် နှစ်ခုစလုံးကြောင့်ဖြစ်သည်။ မြန်မာစစ်တပ်သည် နိုင်ငံတကာသတင်းထောက်များ ဝင်ရောက်ခွင့်ကို ငြင်းဆန်ခြင်း၊ လွတ်လပ်သောသတင်းတင်ဆက်မှုများကို ဖိနှိပ်ခြင်းတို့သည် ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းအတွင်း နိုင်ငံတော်မှ ကြီးမားစွာ ဟန့်တားမှုများကြောင့် သောင်းနှင့်ချီသော လူများ နောက်ကျစွာ တုံ့ပြန်မှုများကြောင့် သေဆုံးခဲ့ရသည့် အဖြစ်အပျက်များနှင့် တူညီနေသည်။

ယနေ့အချိန်တွင် ရာသီဥတုဘေးအန္တရာယ်အခြေအနေသည် ထိုကဲ့သို့သော ဘေးအန္တရာယ်များ၏ ဖြစ်ပေါ်မှုအကြိမ်အရေအတွက်နှင့် အကျိုးသက်ရောက်မှုများသည် အခြေအနေကို ပိုမိုပြင်းထန်စေသည်နှင့်အမျှ သတင်းအချက်အလက်များကို စိစစ်ဖယ်ရှားခြင်းနှင့် ကန့်သတ်ခြင်းတို့သည် သေဆုံးမှုနှင့် ဒုက္ခများကို ပိုမိုဖြစ်စေသည့်အတွက် အာဏာပိုင်များအား တာဝန်ခံစေရန် ပိုမိုအရေးကြီးလာပါသည်။

ARTICLE19သည် စစ်တပ်၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရရှိခွင့်တို့ကို ဆက်လက်ကန့်သတ်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး စစ်အာဏာရှင်ကို တိုင်းပြည်တစ်ဝှမ်း အင်တာနက်အသုံးပြုခွင့်ကို ချက်ချင်းပြန်လည်ဖွင့်လှစ်ပေးရန်၊ လွတ်လပ်သောသတင်းတင်ဆက်မှုများနှင့် အခြားစာနယ်ဇင်းကန့်သတ်မှုများကို အရေးပေါ်ရုပ်သိမ်းရန် တိုက်တွန်းလိုက်ပါသည်။

ကျွန်ုပ်တို့သည် နိုင်ငံတကာအသိုင်းအဝိုင်း၊ အလှုရှင်နိုင်ငံများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဥက္ကဋ္ဌနိုင်ငံ၊ ဘင်္ဂလားပင်လယ်အော် ဘက်စုံကဏ္ဍနယ်ပယ်ဆိုင်ရာ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊လူသားချင်းစာနာမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့အား ပူးပေါင်းဆောင်ရွက်ကာ အောက်ပါအရေးပေါ်လုပ်ဆောင်ချက်များကို ဆောင်ရွက်ရန် တိုက်တွန်းလိုက်ပါသည်။

            လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ရန်အတွက် မီဒီယာ၊ ဗီပီအန် နှင့် လူမှုမီဒီယာ ပလက်ဖောင်းများကို ပိတ်ပင်ခြင်းအပါအဝင် စာနယ်ဇင်းကန့်သတ်မှုအားလုံးကို ပယ်ဖျက်ရန်အတွက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အပေါ် ဖိအားပေးရန်၊

            အရေးပေါ်ဒီဂျစ်တယ်အခြေခံအဆောက်အအုံများ တပ်ဆင်ခြင်းနှင့် လှုမှုမီဒီယာကန်သတ်မှုများ ပိတ်ဆို့ထားသောနေရာများတွင် ဆက်သွယ်ရေးကို ပြန်လည် ဖွင့်လှစ်ပေးနိုင်သော အခြေအနေများကို ဆောင်ရွက်ရန်၊

            ရာသီဥတုဘေးအန္တရာယ်များ၏ သက်ရောက်မှုများအပါအဝင် လက်ရှိဖြစ်ပွားနေသော အရေးပေါ်အခြေအနေများကို ဒေသခံသတင်းထောက်များနှင့် လူ့အခွင့်အရေးကာကွယ်သူများ ဘေးကင်းစွာ မှတ်တမ်းတင်နိုင်ရန် ပူပေါင်းဆောင်ရွက်ရန် ၊ လွတ်လပ်သောသတင်းတင်ဆက်မှုများသည် စစ်အာဏာရှင်၏ စာနယ်ဇင်းကန့်သတ်မှု၊ ဖိနှိပ်မှုနှင့် ကယ်ဆယ်ရေးအကူအညီများ မပေးနိုင်ခြင်းတို့အတွက် တာဝန်ခံမှုရှိစေရန် ကြိုးပမ်းမှုများကို ကူညီဆောင်ရွက်ပေးနိုင်ပါသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သောငလျင်သည် အာဏာရှင်စနစ်အောက်တွင် ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်များ ဖြစ်ပွားသည့်အခါ မည်သို့ဖြစ်ပျက်သွားစေနိုင်သည်ကို ထင်ရှားစွာ သတိပေးနေပါသည်။ ထိုသို့ဖြစ်ပျက်မှုများသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်းအချက်အလက်ရရှိခွင့်နှင့် အနှောင့်အယှက်မရှိသော ဆက်သွယ်မှုတို့သည် ဇိမ်ခံပစ္စည်းများမဟုတ်ဘဲ  အသက်ကယ်ရန် အရေးကြီးသော အရာများဖြစ်ကြောင်း ဖော်ပြနေပါသည်။